Tuesday, March 3, 2009

အသက်ရှုမ၀တဲ့မြို့

မျက်စိတွေစပ်
အသက်ရှုကြပ်
အပူဟပ်တာလည်းခံရ…

ကောင်းကင်ကြီး အုံ့မှိုင်းနေပုံကိုက
ကမ္ဘာစစ်ကြီး နှစ်ခု ထပ်ထားသလိုမျိုး….


လောင်ကျွမ်းနေပုံများ….
ကမ္ဘာဦးအစကတည်းက
ဝမ်းမ၀ခဲ့တဲ့ပုံမျိုးနဲ့။

ကျနော်တို့နေတဲ့ ချင်းမိုင်မြို့က ဆိုခဲ့ပြီးတဲ့အတိုင်း တောရိပ်၊ တောင်ရိပ်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း စိုစိုပြေပြေ စိမ်းလန်းနေတတ်ပါတယ်။ သစ်ပင်ပန်းမန်တွေလည်း ပေါပါတယ်။ ဒါပေမယ့် အခုလို ခြောက်သွေ့ရာသီ ရောက်ပြီဆိုရင်ဖြင့် ချင်းမိုင်ပတ်ဝန်းကျင်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း တလျှောက်က တောတောင်တွေမှာ တော မီးတွေ လောင်တတ်ပါတယ်။ တောမီးလောင်ရင် လနဲ့ချီပြီးလောင်တတ်တယ်။ ကောင်းကင်တပြင်လုံး မီးခိုး ငွေ့တွေ အုံ့မှိုင်းနေပြီး၊ ရှုရတဲ့လေမှာလည်း မီးခိုးတွေပါနေလို့ အသက်ရှုကြပ်စေပါတယ်။ နောက်ပြီး မီးခိုးတွေကြောင့်ဘဲ မျက်စိတွေစပ်နေတတ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ချင်းမိုင်သူ၊ ချင်းမိုင်သား တွေနဲ့ မြောက်ပိုင်းသားတွေ လနဲ့ချီနေရတဲ့အတွက် ကျန်းမာရေးထိခိုက်တတ်ပါတယ်။

သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေလည်း တောမီးလောင်ရာက ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုအကြောင်း သတိပေးတာတွေ၊ အပြင်ထွက်ရင် မျက်မှန်တပ်၊ မျက်နှာဖုံးစွပ်ဖို့ နှိုးဆော်တာတွေ လုပ်လေ့ရှိပါ တယ်။

ရာသီဥတုကလည်း ပူ၊ မီးခိုးငွေ့တွေကြောင့် အသက်ရှုကြပ်၊ မျပ်စိစပ်၊ ကသိကအောက်နေရတဲ့ အခြေအနေ ကို ကဗျာလေးရေးကြည့်တာပါ။

Read More...

Tuesday, December 9, 2008

ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ

ကိုဖိုးချိုရဲ့ သီချင်းခေါင်းစဉ်လေးယူသုံးလိုက်တာပါ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းဘုရင်ကြီး ဘူမိဘော အဒူရာဒစ် (Bhumibol Adulyadej) ရဲ့ သက်တော် ၈၁ နှစ်ပြည့် မွေးနေ့ဖြစ်တာရယ်၊ အဲဒီနေ့ကိုဘဲ ထိုင်းနိုင်ငံရဲ့ ဖခင်များနေ့လို့ သတ် မှတ်ထားတာရယ်ကြောင့် ကလေးတွေလည်း ကျောင်းပိတ်၊ လူကြီးတွေလည်း အားလပ်ရက် ရပါတယ်။ ဒါနဲ့ဘဲ ချင်းမိုင်နဲ့ မနီးမ ဝေး မယ်ဟိုင်မြို့နယ်ထဲမှာရှိတဲ့ “လက်ချဖုက်” (Royal Flora Ratchaphreuk) ပန်းခြံကို ရောက်ခဲ့ပါတယ်။

ဒီပန်းခြံကို ၂၀၀၆ ခုနှစ်တုန်းက ဘုရင်ကြီး ဘူမိဘောရဲ့ နန်းသက် ၆၀ ပြည့်နဲ့ သက်တော် ၈၀ ပြည့်မွေးနေ့အတွက် ရည်စူးစိုက် ပျိုးဖွင့်လှစ်ခဲ့တာဖြစ်တယ်။ ပန်းခြံတည်ရှိရာနေရာကလည်း တောင်တွေပတ်ပတ်လည် ၀ိုင်းနေပြီး တောင်ကုန်းလေးတွေ၊ မြေပြန့် တွေပေါ်မှာ အလှအပကြိုက်တဲ့ ထိုင်းလူမျိုးတွေက ပန်းမျိုးစုံ ရောင်စုံဖူးပွင့်အောင် စိုက်ပျိုးဖန်တီးခဲ့တာဖြစ်တယ်။ ၂၀၀၆ ခုနှစ်မှာ Royal Ratchaphreuk 2006 ဆိုပြီး အကြီး အကျယ်ပြင်ဆင်ဖွင့်လှစ်ခဲ့တဲ့ ပန်းခြံလည်းဖြစ်တယ်။ ဒီပန်းခြံရဲ့ ထူးခြားချက်က တော့ ထိုင်းနိုင်ငံက ပန်းတွေတွင်သာမက ဥရောပ အအေးပိုင်းဒေသက ပန်းတွေ၊ အာဖရိကနဲ့ အပူပိုင်း ကန္တာရဒေသက ပန်း တွေ၊ အာရှတိုက်ဒေသအသီးသီးက ပန်းတွေကို သက်ဆိုင်ရာဒေသနဲ့ ကိုက်ညီမယ့် အပူ၊ အအေးခန်းတွေ ဖန်တီးစိုက်ပျိုးပြသ ထားတဲ့အတွက် တကမ္ဘာလုံးက ပန်းမျိုးစုံတွေ ဖူးပွင့်နေတာကို တနေရာတည်းမှာ လည်ပတ်ကြည့်ရှုနိုင်တာပါဘဲ။

ပန်းခြံထဲမှာ အပျော်စီး ကားတွဲတွေ၊ ဂေါက်ကွင်းတွေမှာသုံးတဲ့ ကားလေးတွေ စီစဉ်ထားပေးတဲ့အတွက်လည်း ကိုယ်ကြည့်ချင်တဲ့ နေရာမှာ ကားပေါ်က ဆင်းကြည့်လိုက်၊ ခရီးဆက်ချင်ရင် လာတဲ့ကားပေါ် တက်စီးလိုက်နဲ့မို့ ကလေးတွေရော၊ လူကြီးတွေအတွက် ပါ အဆင်ပြေပါတယ်။ အခုလို ရာသီဥတု အေးချမ်းသာယာတဲ့ ဆောင်းနံနက်ခင်းမှာ ရောင်စုံဖူးပွင့်နေတဲ့ ပန်းခင်းတွေကို ကြည့်ရ တာ စိတ်ကိုကြည်နူးချမ်းမြေ့စေတာလည်း အမှန်ပါဘဲ။ ဒါကြောင့် ပန်းခြံထဲက လှပတဲ့ပန်းလေးတွေကို ကြည့်ရှုခံစားရင်း နှစ်သစ် ကူးမှာ စိတ်ကူးအသစ်တွေနဲ့အတူ မျှော်လင့်ချက် ရောင်စုံတွေ ဖူးပွင့်ပါစေလို့ ဆန္ဒပြုရင်း.....


သစ်ခွတမျိုးရဲ့အလှ


ရောင်စုံ သစ်ခွတော


နယ်သာလန် (ဟော်လန်) လည်း သွားလို့ရတယ်


ပန်းခင်းနဲ့ နန်းတော်


တောင်ကုန်းပေါ်က...


ပင်မြင့်စံ


ကန္တာရတော


နန်းတော်သို့..


ရောင်စုံဖူးပွင့်


ပန်းကမ္ဘာလေးထဲက လမ်းညွှန်ပန်းလေး နှစ်ပွင့်

Read More...

Saturday, November 29, 2008

ဘယ်လိုမှ ချိုမြနိုင်တော့မည် မဟုတ်သည့် ဒီဇင်ဘာညများ

နှင်းမှုန်လေးတွေ ဝေသီနေပြီး အအေးဓာတ်ကလေးလွှမ်းခြုံထားသည့် ယခုလို ဆောင်းနံနက်ခင်းလေးတွေကို သဘောကျမိသည်။ ကျနော်နေတဲ့ မြို့ကလည်း တောရိပ်၊ တောင်ရိပ်တွေကို ထိတွေ့ခံစားနိုင်သည့် နေရာမို့ ဆောင်းနံနက်ခင်းတွေဆိုလျှင် မြူတွေဆိုင်း နေသည့် တောင်တန်းများနှင့် လှပအေးချမ်းနေတတ်သည်။ သဘာဝအရ ဆိုလျှင်လည်း နိုဝင်ဘာ၊ ဒီဇင်ဘာလ များသည် သာ ယာအေးချမ်းပြီး ပျော်ရွှင်စရာများနှင့်ပြည့်စုံနေ တတ်သည်။ အထူးသဖြင့် ခရစ်ယန်ဘာသာဝင်များအတွက်ဆိုလျှင် ဘာသာရေးအရ အထွတ်အမြတ်ထားသည့် လများဖြစ်သည်။ နိုဝင်ဘာလတွင် ထွန်ယက်စိုက်ပျိုးခဲ့သမျှ ကောက်ပဲသီးနှံများကို ရိတ်သိမ်း၊ ဆွတ်ခူး ရင်း မိတ်ဆွေများနှင့်အတူ ကောက်သစ်စားပွဲ ကျင်းပချိန်ဖြစ်သည်။ ဒီဇင်ဘာလသည် ခရစ်တော်မွေးဖွားသည့် လဖြစ်၍ နိုဝင်ဘာ ၃၀ ရက်နေ့ ညသန်းကောင်ကျော် ဒီဇင်ဘာ ၁ ရက်နေ့ ရောက်သည့်အချိန်မှစ၍ “Sweet December” ဟု ၀ိသေသပြုကာ အလေးအမြတ်ထား ကြိုဆိုကြသည်။ နောက်တော့ ခရစ်စမတ်ပွဲကို ဆက်ဆင်နွှဲရင်း ဇန်န၀ါရီ ၁ရက်တွင် ကျရောက်မည့် နှစ် သစ်ကို ကြိုကြသည်။ ပြောမည်ဆိုလျှင် ယခုကာလသည် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ခညောင်း၍ ကောင်းခြင်းပေါင်းစုံနှင့် ပြီးပြည့်စုံသည်ဟု ပြော၍ရသည်။

ယခုလို သဘာဝအရရော၊ အခြေအနေ အချိန်အခါအရပါ ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်းများနှင့် ပြည့်စုံရမည့် ကာလတွင်၊ ကျနော် တို့နိုင်ငံတွင်တော့ အကျဉ်းတန် အရုပ်ဆိုးမှုတွေ၊ စိတ်မချမ်းသာစရာတွေ တခုပြီး တခုဖြစ်နေသည်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လူမှုရေးကူညီသူတွေ၊ ရဟန်းသံဃာတွေ၊ အမျိုးသမီးတွေ၊ အနုပညာရှင်တွေ၊ စာနယ်ဇင်းသမား တွေ၊ လူငယ်မျိုးဆက်သစ်တွေကို သူတို့ရဲ့ဆန္ဒထုတ်ဖော်မှုတွေအတွက် နအဖ က နှစ်ရှည်ထောင်ဒဏ်များ တနင့်တပိုးချပြီး မိသား စုများနှင့် ဝေးရာ အကျဉ်းထောင်အသီးသီးကို အစီအစဉ်ရှိရှိ ပို့ဆောင်နေသည်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာစီဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုမင်းဇေယျာ စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် ၃၇ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ပြီး နယ်ထောင်များသို့ ခွဲပို့လိုက်သည်။ ၂၀၀၇ စက်တင်ဘာ သံဃာလှုပ်ရှားမှုတွင် သံဃာတော်များ ကို ဆွမ်း၊ ကွမ်း၊ ရေချမ်း ကပ်လှူရာတွင် ပါဝင်ခဲ့ပြီး နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို တက်တက်ကြွကြွ ဆောင်ရွက်ခဲ့သူ အနုပညာရှင် ကိုဇာဂနာ ခေါ် ကိုသူရကိုလည်း ထောင်ဒဏ် ၂ ခုပေါင်း ၅၉ နှစ် နှင့် အားကစားအယ်ဒီတာ ကိုဇော်သက်ထွေးကိုလည်း ထောင်ဒဏ် ၂ခုပေါင်း ၁၉ နှစ်ချမှတ်လိုက်သည်။ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု၏ ဦးဆောင်သံဃာ တပါးဖြစ်သည့် အရှင်ဂမ္ဘီရကိုလည်း ရန်ကုန် အင်းစိန်ထောင်ရှိ အထူးတရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ် လိုက်သည်။ နအဖ က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ရာတွင် အမျိုးသမီးတက်ကြွ လှုပ်ရှားသူများကိုလည်း ချမ်းသာမပေး၊ မသင်းသင်းအေး ခေါ် မီးမီး၊ မမာမာဦး၊ မနီလာသိန်း၊ မစန္ဒာမင်း၊ မသက်သက်အောင်နှင့် မစုစုနွေးတို့လည်း နှစ်ရှည်ထောင်ချခံရသည်။ လူငယ်ဘ လော့ဂါတဦးဖြစ်သည့် နေဘုန်းလတ်နှင့် ဟစ်ဟော့အဆိုတော် ဇေယျာသော်တို့လည်း ထောင်ချခံရသည်။ ယခုလို နယ် ပယ်ပေါင်း စုံ၊ အလွှာပေါင်းစုံမှ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ၊ ကိုယ့်ယုံကြည်ချက်ကို ထုတ်ဖော် ပြောဆိုသူ လူ (၂၀၀) ခန့်ကို နိုဝင်ဘာ တလတည်းတွင်ပင် နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်ခြင်းဖြစ်သည်။

နအဖ အနေဖြင့် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရုံသာ မဟုတ် မိသားစုများ လက်လှမ်းမမီသည့် ဝေးလံခေါင်ဖျား ထောင်အသီးသီးသို့ ပို့ဆောင်လိုက်ခြင်းကလည်း အကျဉ်းချခံရသူများ ကိုရော မိသားစုဝင်များကိုပါ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာအရ နှိပ်စက်မှုပင်ဖြစ်သည်။ မကြာသေးမီက နယ်စပ်သို့ရောက်ရှိလာသူ ဆရာမ နှင်းပန်းအိမ် ၏ “ဤခရီးနီးသလား” ဆောင်းပါးကို ဖတ်ကြည့်လျှင် တကူးတက ထောင်ဝင်စာသွားရောက် တွေ့ဆုံရသည့် မိသားစုဝင်များ၏ ဒုက္ခကို စာနာနိုင်မည်ဖြစ်သည်။ နအဖ အနေဖြင့် အညှိုးအတေး၊ အာဃာတ ကြီးကြီးဖြင့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများကို နှစ်ရှည်ထောင်ဒဏ်များချမှတ်၍ မိသားစုဝင်များနှင့် ဝေးရာသို့ပို့ဆောင်လိုက်သော်လည်း မိမိခင်ပွန်းကို တန်ဖိုး ထားသဖြင့် မရောက်ရောက်အောင် သွားတွေ့မည်ဖြစ်ပြီး စိတ်ဓာတ်လည်း မကျကြောင်း ကိုပြုံးချို၏ ဇနီးမ၀ါဝါက ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတခုတွင် ပြောဆိုခဲ့ဘူးသည်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ အတွင်းရေးမှူး ကိုတိတ်နိုင် ကလည်း အကျဉ်းထောင်လက်စွဲတွင် ထောင်းပြောင်းလျှင် မိသားစုနှင့် အနီးဆုံးထောင်သို့သာ ပြောင်းရမည်ဟု ပြဌာန်းထားသည့်အတွက် နအဖ ၏ ယခုလုပ်ရပ်သည် အကျဉ်းထောင်လက်စွဲနှင့် လုံးဝဆန့်ကျင်နေသည်ဟုလည်း ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

ယခုနောက်ဆုံး နိုဝင်ဘာလ ၂၈ ရက်နေ့က နှစ်ရှည်ထောင်ချခံရသူများထဲတွင် ဗကသ က ခေါင်းဆောင်တဦးဖြစ်သူ ကိုဒီငြိမ်း လင်း လည်းပါဝင်သည်။ အနောက်ပိုင်း တက္ကသိုလ်တွင် အခြားကျောင်းသား ၇ ဦးနှင့်အတူ အမဲရောင်ဝတ်စုံများ ၀တ်ဆင်ပြီး ရုန်း ရင်းဆန်ခတ်ဖြစ်အောင်လုပ်၍ ၎င်းအား ထောင် ၄ နှစ်ချခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ကိုဒီငြိမ်းလင်း သည် ထောင်ထဲတွင် နေရ သည်မှာ တနှစ်ရှိပြီဖြစ်ပြီး အရင်ချမှတ်ခဲ့သည့် ထောင်ဒဏ်များနှင့်ဆိုလျှင် ထောင်ဒဏ် စုစုပေါင်း ၁၀ နှစ်ခွဲ ရှိသွားပြီဖြစ်သော် လည်း ၎င်းအား ထပ်မံစွဲဆိုမည့် အမှုများ ရှိသေးသည်ဟု မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်း က ဘီဘီစီ ကို ယခုလိုပြောခဲ့သည်။
“သားကြီးကို အမိန့်ချရုံဘဲရှိသေးတယ်၊ တောင်ဒဂုံကနေဆိုပြီးတော့ ပုဒ်မ ၆ နဲ့ ထပ်ပြီးတော့ လာစွဲပြန်တယ်၊ ထောင်ထဲမှာနေ တာ တနှစ်ရှိနေပြီ၊ ပုဒ်မက တခုပြီးရင် တခုနဲ့တပ်လိုက်တယ်။ ကလေးအရွယ်နဲ့တောင် မမျှတော့ပါဘူး ပုဒ်မတွေက လိုက်လိုက် လာတာ”

အသက် ၂၀ သာရှိသေးသည့် ကိုဒီငြိမ်းလင်း တယောက် ယခုလို ထောင်ဒဏ်များ တခုပြီး တခု ချမှတ်ခံနေရသလို ဖခင်ဖြစ်သူ ကိုဇော်ဇော်မင်းကိုလည်း စစ်အာဏာပိုင်များက ပြီးခဲ့သည့် အပတ်အတွင်းတွင် ထင်ရှားသည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်း ဆောင်များဖြစ်သော ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့နှင့်အတူ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခဲ့သည်။

နအဖ ၏ အကျဉ်းထောင်များအတွင်း ဆိုးရွား နိမ့်ကျစွာ နေထိုင်၊ စားသောက်ရမှုပုံစံများအကြောင်း မကြာခဏ သတင်းများ ထွက်ပေါ်လျှက်ရှိရာ ယခုလို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံရသည့် လူငယ်ကျောင်းသားများ၊ အတတ်ပညာရှင်များ၊ ရဟန်းသံ ဃာများ အမျိုးသမီးများအနေဖြင့် ဆင်းရဲခြင်းကြီးစွာဖြင့် နှစ်ရှည်ထောင်ဒဏ်များခံစားကြရမည်ဖြစ်သည်။ ထို့အပြင် မိသားစုနှင့် ဝေးရာ အကျဉ်းထောင်အသီးသီးသို့ ပို့လိုက်၍လည်း ဆိုးရွားပြင်းထန်သည့် ရာသီဥတုဒဏ်ကို ခံရမည့်အပြင် မိသားစုဝင်များမှာ လည်း အခက်အခဲ၊ ဒုက္ခများကို ဖြတ်ကျော်ရင်း မိမိတို့ သားသမီး၊ လင်ယောက်ျားများအား တကူးတက တွေ့ဆုံရဦးမည်။

နိုင်ငံရေးအကျဉ်းသားများမှာ ဝေးလံခေါင်ဖျားသည့် အကျဉ်းထောင်များအတွင်း အေးစိမ့်သည့် ဆောင်းဒဏ်ကို ခါးသည်းစွာ ဖြတ် သန်းရင်း သူတို့အတွက် တန်ဖိုးရှိသည့် အချိန်များကို အဓိပ္ပါယ်မဲ့ ကုန်ဆုံးစေရတော့မည်။ သဘာဝအားဖြင့် အေးချမ်းခြင်း၍ မင်္ဂ လာရှိပြီး ပျော်ရွှင်စရာများဖြင့် ပြည့်စုံနေမည့် ဒီဇင်ဘာသည် သူတို့အတွက် မည်သည့်နည်းနှင့်မျှ ချိုမြနိုင်မည်မဟုတ်သလို၊ ကျ ရောက်လာမည့် နှစ်သစ်သည်လည်း မျှော်လင့်ချက်များ၊ ကြည်နူးမှုများကို ဆောင်ကြဉ်းပေးနိုင်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့ ကား ယုံကြည်ချက်အတွက် ဆက်လက်တိုက်ပွဲဝင်မည့် သူများသာဖြစ်သည်။

ကိုးကား။ ။ဘီဘီစီ၊ မဇ္ဈိမ၊ ဒီဗီဘီ၊ ဧရာဝတီ၊ ခေတ်ပြိုင် သတင်းများကို အခြေခံ၍ ရေးပါသည်။

Read More...

Friday, November 7, 2008

မူကထ

(၁)

ကြိုက်ရာအသားတွေကို မီးသွေးမီးဖိုလေးပေါ်ကင်ရင်း ပင်လယ်စာတွေနဲ့ ဟင်းသီး၊ ဟင်းရွက်တွေကိုပါ စိတ်ကြိုက် ပြုတ်စားနိုင်တဲ့ ထိုင်းလို “မူကထ” လို့ ခေါ်တဲ့ ဆိုင်လေးတွေကို ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ တွေ့ နိုင်ပါတယ်။ မိတ်ဆွေ အချင်း ချင်း ယမကာလေးတွဲဖက်လို့ စားသောက်စကားပြောချင်ရင်ဖြစ်စေ၊ မိသားစုအလိုက် ညစာကို တမျိုးတဘာသာ ထွက်စားချင်လို့ ဖြစ်စေ ဒီဆိုင်လေးတွေကို သွားရောက်တတ်ကြတာကြောင့် ညဘက်ဆိုရင် မီးခိုးငွေ့ တွေ ဝေ့၀ဲနေပြီး အသားကင်ညှော်နံ့  တ ထောင်းထောင်းထနေတတ်တဲ့ မူကထဆိုင်လေးတွေမှာ လူစည်ကားနေတတ်ပါတယ်။

အသားတွေကင်လိုက်၊ တူးမှာစိုးလို့  ဟိုဘက်ဒီဘက်လှန်လိုက်၊ ထည့်ထားတဲ့ ရေတွေခန်းသွားရင် ပြည်ဖြည့်လိုက်၊ အသားတွေ မ ကပ်အောင်တင်ထားတဲ့ ၀က်ဆီတုန်းကုန်ရင် လဲပေးလိုက်၊ အသားပြုတ်ရေတွေဆူရင် ထည့်ထားတဲ့ အသီးအရွက်တွေ အကျက်မ လွန်ခင် ခပ်စားလိုက်နဲ့ အေးအေးလူလူ မစားရတာရယ်၊ စားပြီးလို့ အိမ်ပြန်ရင်လည်း အသားကင်ညှော်နံ့ တွေ တကိုယ်လုံးစွဲနေ လို့  ရေပြန်ချိုးရတာရယ်ကြောင့် ကျွန်တော်ကတော့ မူကထ ဆိုင်ကို တော်ရုံတန်ရုံ ရောက်ခဲပါတယ်။ ဒါ့အပြင် ကျွန်တော်သွားမ စားချင်တဲ့ တခြားအကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

(၂)
(Carl Gustav recoilless rifle)

၁၉၉၂ ခုနှစ်မှာ န၀တ (အဲဒီအချိန်က နအဖ အဖြစ် မပြောင်းသေးဘူး) က ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဗဟို ဌာနချုပ်ဖြစ်တဲ့ “မာနယ်ပလော” ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တော့ ကေအန်ယူဌာနချုပ်ကို အဓိက ကာကွယ် ပေး ထားတဲ့ “ထီဖားဝီးကျိုး” လို့  ကရင်လို ခေါ်ပြီး “ခွေးအိပ်တောင်” လို့  မြန်မာမှု ပြုနိုင်တဲ့ “ထီးဖားဝီးကျိုးတောင်”ကို အပြင်း အထန်ထိုးစစ်ဆင်ပါတယ် (နော်တဘက်ကလည်း ထိုးစစ်ဆင်ပါတယ်၊ နော်တထိုးစစ်နဲ့ ပတ်သက်တဲ့ တိုက်ပွဲအတွေ့ အကြုံတွေကို နအဖ ဘက်က ဗိုလ်မှူးသောင်းဝေဦး ဆိုသူက စာအုပ်ထုတ်ခဲ့ပါသေးတယ်)။ ထိုးစစ်ဆင်တာမှ ဆွီဒင်နိုင်ငံလုပ် ၈၄ မမ (Carl Gustav recoilless rifle) တင့်ဖျက်လက်နက် (အသေးစိတ်သိလိုပါက http://en.wikipedia.org/wiki/Carl_Gustav_recoilless_rifle တွင်လေ့လာနိုင်ပါတယ်)တွေ၊ ၁၂၀ မမ မော်တာတွေ၊ ၁၀၇ မမ မော်တာ တွေ အပါအ၀င် လေကြောင်းကပါ အကြိမ်ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ကေအန်ယူ သမိုင်းမှာ အဲဒီအချိန်အထိ “ထီဖားဝီးကျိုး” တိုက်ပွဲဟာ အပြင်းထန်ဆုံးလို့  ပြောစမှတ်ပြုရတဲ့အထိပါဘဲ။ ထိခိုက်ကျဆုံးမှု အများအပြားလည်း နှစ်ဖက်လုံးမှာ ရှိခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကေအန်ယူ တပ်မဟာ (၆) ဒေသမှာ အခြေစိုက်တဲ့ ကျောင်းသားတပ်မတော် တပ်ရင်း (၂၁၆) ကျွန်တော် တို့ တပ်ရင်းနဲ့  တပ်ရင်း (၂၀၄/၂၀၅ ပူးပေါင်းတပ်တွေဟာ စစ်ကူအဖြစ် “ထီဖားဝီးကျိုး” ဒေသမှာ ကေအန်ယူ တပ်တွေ၊ တ ခြားဒေသက ကျောင်းသားတပ်တွေနဲ့ အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရပါတယ်။ ကျွန်တော်တို့ စတင်တာဝန်ယူရတဲ့နေရာကတော့ သံ လွင်နဲ့ သောင်ရင်းမြစ်ဆုံအနီး သံလွင်မြစ်ကမ်းဘေးက “မယ်ပ” ရွာ အထက်ပိုင်း တောင်ကုန်းတကုန်းမှာပါ။ န၀တ ဘက်က လက်နက်ကြီးနဲ့ ဘယ်အချိန်ထ ပစ်ပစ်၊ ဘယ်လိုပစ်ပစ်၊ လေယဉ်နဲ့ ဘယ်လိုဗုံးကြဲကြဲ ကျွန်တော်တို့ ကုန်းပေါ်ဘဲ တိုက်ရိုက်ကျလို့ နောင်မှာ “ခံကြီးမောင်ကုန်း” လို့ တောင် နာမည် တွင်သွားပါတယ်။ တောင်ကုန်းတခုလုံးလည်း ဗုံးဆံတွေ၊ လက်နက်ကြီး ကျည် သင့်တဲ့ ဒဏ်တွေကြောင့် သစ်ပင်တွေ၊ ၀ါးရုံတွေ အကုန်ပြောင်သလင်းခါပြီး မြေကြီးတွေမှာလည်း ချိုင့်တွေ၊ ကျင်းတွေ၊ မီးလောင် မြေတွေနဲ့ မို့ တောင်ယာခုတ်၊ မီးရှို့ ထားသလားတောင် ထင်ရပါတယ်။

နောက်ပိုင်းတော့ န၀တ ဘက်က “ထီဖားဝီးကျိုး” ကို သိမ်းလိုက်နိုင်ပေမယ့် ကေအန်ယူနဲ့ မဟာမိတ်တပ်တွေက “ထီးဖားဝီး ကျိုး” တ၀ိုက်ကနေ ခုခံခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဧပြီလမှာတော့ နအဖ (အဲဒီအချိန်မှာ နအဖ ဖြစ်သွားပြီ) ဘက်က အထူးစစ် ဆင်ရေးအဖွဲ့ မှူး ဗိုလ်ချုပ်မောင်လှ က “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကရင်ပြည်နယ်အတွင်း စစ်ဆင်နေတာတွေ ရပ်စဲလိုက်တယ်”လို့  ကြေငြာပြီး ထိုးစစ်ဆင်တာကို ရပ်လိုက်ပါတယ်။ အဲဒီနောက် တပ်မဟာ (၆) နယ်မြေက စစ်ကူလာတဲ့ ကျွန်တော်တို့ တပ်တွေလည်း အကြောင်းကြာင်းကြောင့် ပြည်တော်ပြန်ခွင့် မရဘဲ မကဒတ ဗဟိုဌာနချုပ်တည်မယ့်၊ “ဒေါင်းဂွင်” လို့  နောင်မှာ ကျော်ကြားလာမယ့် နေရာရဲ့  မြောက်ဘက် မိနစ် ၂၀ ခန့် အကွာ၊ ထိုင်းနိုင်ငံ “မယ့်ကထာ” ဆိုတဲ့ ရွာနဲ့ မျက် နှာချင်းဆိုင် သံလွင်မြစ်ကမ်းပေါ်မှာ ကျွန်တော်တို့ တပ်ရင်း (၂၁၆)က စခန်းအသစ်ဆောက်လုပ် အခြေချလိုက်ရပါတော့တယ်။ ကျွန်တော်တို့ နဲ့ မနီးမဝေးမှာက တပ်ရင်း (၂၀၄/၂၀၅) အခြေစိုက်ပါတယ်။ အဲဒီအချိန်က ကိုမိုးသီးဇွန် ဦးဆောင်တဲ့ မကဒတ နဲ့  ဒေါက်တာနိုင်အောင် ဦးဆောင်တဲ့ မကဒတ ရယ်ဆိုပြီး ၂ ခြမ်းကွဲနေရာမှာ ကျွန်တော်တို့ က ဒေါက်တာနိုင်အောင် ဦးဆောင် တဲ့ မကဒတ ဘက်ကပေါ့။

မကဒတ ကို တပ်ပေါင်းစု မဟာမိတ်ခေါင်းဆောင်ကြီးတွေရဲ့ ကူညီဖြေရှင်းပေးမှုနဲ့ အတူ မကဒတ နှစ်ဖက်စလုံးကလည်း ပေါင်း စည်းချင်တဲ့ စိတ်ဆန္ဒတွေကြောင့် ၁၉၉၆ ခုနှစ်မှာ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပါတယ်။ တကယ်တော့ “ဒေါင်းဂွင်” လို့ ကျွန်တော်တို့ ခေါ်နေတဲ့ နေရာဟာ ကရင်ပြည်နယ် ဖာပွန်မြို့ ရဲ့ အရှေ့ ဘက်တည့်တည့် မိုင် ၂၀ ကျော်လောက် မှာရှိပြီး အင်္ဂ လိပ်လက်ထက်ကတည်းက သစ်ထုတ်လုပ်ရေး စခန်းတွေ ရှိတယ်လို့ ဆိုတယ်။ မြေပုံပေါ်မှာလည်း “ဒါးကွင်း” (Dakwi) လို့ ဖော်ပြထားတာတွေ့ ရတယ် (တချို့ လည်း Dagwin လို့ ရေးကြတယ်) ။ ကျောင်းသားတွေ အဲဒီနေရာကို ပြောင်းပြီးမှ “ဒါး ကွင်း” ကို “ဒေါင်းဂွင်” လို့  ကိုယ့်ဘာသာ ကင်ပွန်းတပ်လိုက်ရာက “ဒေါင်းဂွင်” လို့ ဘဲ နာမည်တွင်သွားတော့တယ်။


(၃)

ကျွန်တော်တို့ တပ်စခန်းတွေ စတင်တည်ဆောက်ကာစက သေနတ်နဲ့  ကျည်ဆံကလွဲလို့ ဘာဆိုဘာမှ မရှိပါဘူး။ ကျွန်တော်တို့ တပ်တည်မယ့် နေရာရဲ့ ဘေးမှာ သစ်စက်အဟောင်းတလုံးရှိခဲ့ဖူးတော့ သစ်စက်ကအသုံးမလိုလို့ လွှင့်ပစ်ထားတဲ့ သစ်ခွဲသား (ပ ကာခြမ်း) တပုံဘဲရှိတယ်။ အဲဒီ ပကာခြမ်းတွေကဘဲ ကျွန်တော်တို့ တပ်ရင်းရဲ့ အဆောက်အဦးတွေအတွက် အဓိက အခင်းတွေ၊ အကာတွေ ဖြစ်လာတယ်။ ပြောမယ်ဆိုရင် (Ground zero) က စရတာပေါ့။ တောရှင်း၊ သစ်ပင်တွေ ခုတ်ထွင်ပြီးမှ မြေနေရာ ပေါ်အောင် အရင်လုပ်ယူရတယ်။ လူတွေကလည်း သိပ်ပင်ပန်းနေပြီ၊ စစ်ပန်းတာလည်းပါတယ်၊ “ထီဖားဝီးကျိုး” တိုက်ပွဲပြီးရင် တပ်မဟာ (၆)မှာ “မုနော်” အပျိုမတွေ၊ အမိုး၊ အတီးတွေနဲ့  ပြန်လည်ဆုံဆည်းဖို့ ရည်ရွယ်ထားသူတွေလည်း ပြည်တော်မပြန် ရလို့  “ရွှေပြည်တော် မျှော်တိုင်းဝေး”နေတဲ့ ကာလ၊ တပ်စခန်းအသစ်ကိုလည်း “ဂရောင်းဇီးရိုး” ကနေပြန်စရ၊ ရိက္ခာကလည်း မရှိ၊ တောထဲက မျှစ်တွေ၊ ၀ဥတွေဘဲ တူးစားရ၊ ငှက်ဖျားကလည်း ပြင်းဆိုတော့ ကျွန်တော်တို့  စိတ်ဓာတ်ကျနေတဲ့ ကာလ၊ ပင် ပန်းဆင်းရဲနေတဲ့ကာလလို့  ပြောရင်ရတာပေါ့။ ရဲဘော်တချို့ လည်း နောက်ပိုင်းမှာ တပ်မဟာ (၆) ကို သူ့ နည်းသူ့ ဟန်နဲ့ ပြန် သွားကြပါတယ်။ ကျွန်တော်တို့ တပ်တွေ တည်ဆောက်ပြီး ကာစမှာ တပ်မဟာ (၆)မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေနဲ့  အရှေ့ တောင်တိုင်း စစ်ဒေသကော်မတီတွေ (အဲဒီတုန်းက ဗဟိုနဲ့ တပ်တွေကြားမှာ “စစ်ဒေသကော်မတီ” ဆိုတာရှိပြီး အဲဒီ စစ်ဒေသ ကော်မတီတွေကဘဲ သက်ဆိုင်ရာ တပ်ရင်းတွေကို ဦးဆောင်ကွပ်ကဲပါတယ်)ရောက်လာပါတယ်။ လက်ရှိဖြစ်နေတဲ့ ကျွန်တော်တို့ အခြေအနေတွေကို ရိပ်စားမိဟန်တူတဲ့ စစ်ဒေသကော်မတီဝင်တွေ က တပ်ရင်း (၂၀၄/၂၀၅) နဲ့  ကျွန်တော်တို့  တပ်ရင်း (၂၁၆) ကြားမှာ စစ်ဒေသရုံးဖွင့်ပြီး တပ်မဟာ (၆) က ပြောင်းလာတဲ့ တပ်တွေကို စစ်ရေး၊ နိုင်ငံရေး မွမ်းမံသင်တန်းပေးဖို့ စီ စဉ်ပါတယ်။

(၄)

(မြေပုံပေါ်မှာ ဒေါင်းဂွင်နဲ့ စောထာ ဒေသတွေကို မြင်ရမှာ ဖြစ်ပါတယ်)

အဲဒီအချိန်က စစ်ဒေသကော်မတီဥက္ကဌ ဆရာတင်ရွှေ (ကွယ်လွန်) နဲ့  အတွင်းရေးမှူး ကိုစိုးပိုင် (ဆွီဒင်တွင် အခြေချနေ) တို့ စီစဉ်တဲ့ စစ်ရေး၊ နိုင်ငံရေးမွမ်းမံ သင်တန်းဖွင့်ပြီးလို့  ရက်ပိုင်းအကြာမှာ (၁၉၉၃ ခုနှစ်ထဲမှာ)နအဖ က စောထာ ဒေသကို စ တင် ထိုးစစ်ဆင်ပါတယ်။ စောထာ ကတော့ ကျွန်တော်တို့  တပ်တွေ လက်ရှိအခြေစိုက်ထားတဲ့ နေရာရဲ့  မြောက်ဘက်၊ သံလွင် ကို ဆန်တက်သွားရပြီး ကရင်နဲ့ ကရင်နီနယ်စပ်အနီးမှာ တည်ရှိပါတယ်။ မှောင်ခိုကုန်သွယ်ရေးလမ်းကြောင်းရှိပြီး အထူးသဖြင့် မြန် မာပြည်ဘက်က နွားတွေ၊ ကျွဲတွေကို ကုန်သည်တွေက ထိုင်းနိုင်ငံဘက်မှာ လာရောက်ရောင်းချပါတယ်။ စောထာ တိုက်ပွဲစဖြစ် တော့ ဒေသခံ ကျောင်းသားတပ်တွေဖြစ်တဲ့ ကိုသိမ်းဆန်း ဦးဆောင်တဲ့တပ်ရင်း (၂၀၉) နဲ့ ကိုဆန်းလင်း (နောက်ပိုင်းမှာ တာ ၀န်ထမ်းဆောင်ရင်း နအဖ က ဖမ်းမိသွားပြီး၊ သူတို့ နှိပ်စက်တဲ့ ဒဏ်နဲ့ ဘဲ ကျဆုံးသွားတယ်လို့ သိရပါတယ်) ဦးဆောင်တဲ့ တပ်ရင်း (၂၁၀) က တပ်တွေ အရင်ဆုံး ကေအန်ယူတပ်တွေကို သွားကူပါတယ်။ နောက်ပိုင်းမှာ နအဖ ထိုးစစ်က ပိုပြင်းလာလို့  သင်တန်းတက်နေတဲ့ ကျွန်တော်တို့ လည်း သင်တန်းကို ရပ်ပြီးစစ်ကူဖို့ ပြင်ရပါတော့တယ်။ တပ်မှာ ရိက္ခာနဲ့ မွေးမြူရေးတာဝန်ခံ ဘကြီးလှခင်၊ တပ်ရေးနဲ့ တချို့ အိမ်ထောင်သည်တွေကလွဲလို့  ကျွန်တော်တို့ အကုန်လုံး စောထာသွားဖို့ ပြင်ရပါတယ်။ ကျွန် တော်တို့ စစ်ကြောင်းကို ကရင်လွတ်မြောက်ရေးတပ်မတော် (ကေအန်အယ်အေ) က ဗိုလ်မှူးရောဘတ်ဇံ (ကေအန်ယူ ဥက္ကကြီး မန်းဘဇံရဲ့ သား)က စစ်ကြောင်းမှူး အဖြစ်ဦးဆောင်ပါတယ်။ ဗိုလ်မှူးရောဘတ်ဇံ က တပ်မဟာ (၆) အခြေစိုက် ကျွန်တော်တို့ ကျောင်းသားတပ်တွေကို “ထီဖားဝီးကျိုး” မှာ ကတည်းက “ကီးဒို” စစ်ကြောင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးတော့ ဒီတကြိမ်မှာလည်း သူ့ စစ်ကြောင်းမှာ ကျွန်တော်တို့ ကိုပြန်ခေါ်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ တပ်ရင်း (၂၁၆) နဲ့  (၂၀၄/၂၀၅) ကိုတော့ ကို ဥာဏ်ထွန်း ကဦးဆောင်ပါတယ်။

(၅)

(သံလွင်ရဲ့ အလှ တနေရာ)

စောထာ ကို ထွက်မယ့် မနက်မှာ ကျွဲလှေကြီးနဲ့  (မြန်မာပြည်ဘက်က နွားတွေ၊ ကျွဲတွေသယ်ဖို့ လုပ်ထားတဲ့ သံလွင်မြစ်တွင်း သွား စက်လှေကြီး) ဗိုလ်မှူးရောဘတ်ဇံ နဲ့ သူ့ တပ်တွေ ရောက်လာပါတယ်။ ကျွန်တော်တို့ ကျောင်းသားတပ်တွေ တက်ပြီးတဲ့ နောက် စောထာဘက်ကို ကျွဲလှေကြီး စထွက်တယ်။ လှေဦးမှာ အနီရောင် ခွပ်ဒေါင်းအလံကို လွှင့်ထူထားတာမို့ နေရောင်အောက် မှာ တလက်လက်တောက်နေတဲ့ ခွပ်ဒေါင်းအလံဟာ အားလုံးရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို တက်ကြွနိုးထစေပါတယ်။ ဗိုလ်မှူးရော ဘတ်ဇံ ကလည်း တော်လှန်ရေးသီချင်းတွေဆိုခိုင်းတာမို့ “ကျောင်းသားတပ်မတော်” အပါအ၀င် ရသမျှ သီချင်းတွေကို သံပြိုင်သီ ဆိုသံကလည်း ကြားရသူအတွက် ကြက်သီးဖျန်းဖျန်းထစေပါတယ်။ သံလွင်မြစ် ကမ်းဘေး ၀ဲယာမှာ (ထိုင်းဘက်ကမ်းမှာလည်း ကရင်ရွာတွေရှိတယ်) ရှိတဲ့ ကရင်ရွာသားတွေကလည်း ကျွန်တော်တို့ ကို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်နေတယ်။ စောထာတိုက်ပွဲ တလျှောက် အဲဒီဒေသက ကရင်ရွာသားတွေ ပို့ ပေးတဲ့ ထမင်းထုတ်တွေနဲ့ ဘဲ ကျွန်တော်တို့ အသက်ဆက်ခဲ့ရတယ်။ ကျွန်တော် လှေထဲကို ဝေ့၀ဲကြည့်မိတဲ့အခါ အားလုံးရဲ့ မျက်နှာဟာ တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ပုံစံမျိုးနဲ့ တည်ငြိမ်ရဲရင့်နေတယ်။ မှတ် မိသလောက် တပ်ရင်း (၂၀၄/၂၀၅) က ဇော်မင်းသူတို့ အုပ်စုပါတယ်၊ ဇာဇာ (သူ့ နာမည်ရင်းကိုတော့ မမှတ်မိတော့ဘူး၊ ဇာဇာ
လို့ ဘဲ ခေါ်ကြတယ်) သူက ပဲခူးဘက်က၊ ခုခေတ်ပေါ်စကားလုံးနဲ့ ဆိုရင် “လိင်တူချစ်သူ” တယောက်၊ တိုက်ပွဲတွေမှာ ရဲရဲဝံ့ဝံ့ တိုက်တတ်သူ၊ နောက်ပိုင်းမှာ သူများသတ်လို့  မထင်မရှား သေသွားတယ်လို့  သိရတယ်။ “ဇာဇာ” ဆိုတဲ့ နာမည်က ပျော့ တယ်ဆိုပြီး ဗိုလ်မှူးရောဘတ်ဇံ ကဘဲ “ရဲဇာနည်” လို့ နောက်ပိုင်းမှာ နာမည်ပြောင်းပေးခဲ့တယ် (Rဇာနည် တို့ ဘာတို့ ဆိုတာ ခုမှပေါ်တာပေါ့ ပြောမယ်ဆိုရင်)။

ကျောင်းသားဗဟို က ဆေးမှူးအဖြစ် ကိုအေးလွင် (ယခု မကဒတ ဗဟိုကော်မတီဝင်) ကိုထည့်ပေးလိုက်တယ်။ ကျွန်တော်တို့ တပ်ရင်းမှာတော့ လူပျိုရဲဘော်တွေအပြင် အိမ်ထောင်သည်ထဲက ကိုမြင့်သိန်း တယောက်ပါလာတယ်။ တကယ်တော့ ကိုမြင့်သိန်း က ကျွန်တော်တို့ တပ်ရင်းက မဟုတ်ဘူး။ သူက ဆရာ ဦးရီထွန်းတို့ ၊ ဆရာ ဦးစိုးထွဋ်တို့ ရဲ့ ၀မ်ခစခန်း၊ တပ်ရင်း (၂၁၁) က။ ကျွန်တော်တို့ စခန်းက ဦးတင်မောင်လွင် (ယခု အမေရိကားတွင်နေသူ) ရဲ့ တူမ မချို (ယခုဆွီဒင်တွင် အခြေချ) နဲ့ အ ကြောင်းပါပြီး ဆံထုံးနောက် သျှောင်ပါ ကျွန်တော်တို့ စခန်းရောက်ခဲ့သူ။ ကိုမြင့်သိန်း က ဘားအံဘက်က ကရင်အမျိုးသား၊ လူပုံ က ဗလကောင်းကောင်း အရပ်နည်းနည်းပုတယ်၊ အမြဲတန်းပြုံးနေပြီး သူများကို ကူညီတတ်လို့  လူချစ်လူခင်ပေါတယ်။ လက်သ မားအလုပ်လည်း ကျွမ်းကျင်တယ်။ ကိုမြင့်သိန်း စောထာကို စစ်ကူသွားတော့ သူ့ သားလေး စစ်နိုင် (ယခု ဒေါ်ချိုနဲ့ အတူ ဆွီဒင် တွင်နေထိုင်) က လသားဘဲ ရှိသေးတယ်။

(၆)

ကျွန်တော်တို့ စီးလာတဲ့ ကျွဲလှေကြီး လမ်းတလျှောက်မှာရှိတဲ့ သေ့မူထ၊ ကျောက်ညှပ်၊ မယ်ညူထ၊ သခေါထ စတဲ့ သံလွင်မြစ် ကမ်းဘေးက နွားကုန်သည်တွေ အရောင်းအ၀ယ်လုပ်ကြတဲ့ ရွာကြီးတွေ နဲ့ ဝဲကြီး (နအဖ ရဲ့ ရေအားလျှပ်စစ်ထုတ်ယူမယ့် စီမံ ကိန်းနေရာ၊ ဒီစီမံကိန်း အကြောင်းသိချင်ရင် http://www.terraper.org/articles/BriefingSalweenThai-BurmaJune03.pdf မှာ လေ့လာနိုင်ပါတယ်) ကို ဖြတ်သွားပြီး နောက်ဆုံး စစ်ဖြစ်နေတဲ့ စောထာ ကို ရောက်လာပါတယ်။ ဒီ တကြိမ်မှာတော့ ကျွန်တော်တို့ စစ်ကြောင်းတကြောင်းလုံး တနေရာတည်းမှာ စခန်းချပြီး ခုခံရတာမဟုတ်ပါဘူး။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေမှာ တပ်စိတ်အလိုက် သွားကူရတဲ့သဘောပါ။ စစ်ကြောင်းကနေ ပထမဆုံး ခွဲထွက်ပြီး တောင်ကုန်းတကုန်းကို သွားတာဝန်ယူရတာက ကိုညီပု(ညီညီဝင်း) ဦးဆောင်တဲ့ ကျွန်တော်တို့ တပ်စိတ်ပေါ့။

နောက်ပိုင်းတော့ တပ်ရင်း (၂၀၄/၂၀၅) နဲ့ ကျွန်တော်တို့  တပ်ရင်း (၂၁၆)က အင်အားတွေ ပြန်ပေါင်းလိုက်ပြီး နအဖ တပ် တွေ ထိုးစစ်ဆင်နေတဲ့ နေရာအနီးက တောင်ကုန်းတကုန်းကို (အမည် မမှတ်မိတော့) သွားကူဖို့ ဖြစ်လာပါတယ်။ အဲဒီ တောင် ကုန်းကို ကေအန်အယ်အေ က ဗိုလ်တာမလာ ဦးဆောင်တဲ့တပ်က နေရာယူ ခုခံနေတာပါ။ ရန်သူက အဲဒီနေရာဘက်ကို သဲသဲ မဲမဲတိုက်နေလို့ ကျွန်တော်တို့ ကို အင်အားဖြည့်တဲ့အနေနဲ့ ဗိုလ်တာမလာ တို့ နဲ့ သွားပေါင်းခိုင်းတာဖြစ်ပါတယ်။ ဗိုလ်တာမလာတို့ နေတဲ့ တောင်ကုန်းကို မတက်ခင် အဲဒီတောင်ခြေနားမှာ ကျွန်တော်တို့ တပ်တွေကို စုရပ်အနေနဲ့ ပြန်ပေါင်းဆုံစေပါတယ်။ နောက် ပြီး တိုက်ပွဲဝင်ရတော့မှာရယ်၊ အားလုံးလည်း ပင်ပန်းနွမ်းနယ်နေတာရယ်ကြောင့် စစ်ကြောင်းမှူးက ကျွန်တော်တို့ ကို ၀က်တ ကောင်ပေါ်ကျွေးပါတယ်။ ညကြီးမဲမဲမှာ ကျွန်တော်တို့ တပ်စိတ်အလိုက် ကိုယ်ရတဲ့ ၀က်သားစကေး ကို ဟန်းကောတွေနဲ့ ဖြစ်သ လို ချက်ပြုတ်စားရတာပေါ့။ ဆီမပါ၊ ပြားမပါ ရေလုံပြုတ် ချက်စားရတာဖြစ်ပေမယ့် ရတောင့်ရခဲ အသားဟင်းတခွက်အတွက် ကျွန် တော်တို့ စိတ်လှုပ်ရှား တက်ကြွနေကြတယ်။ မီးဖိုအလင်းရောင်အောက်မှာ ကျွန်တော်တို့ အားလုံးဟာ ညစာကို မြိန်ရည် ယှက် ရည် စားဖို့ အလုပ်ရှုပ်နေတော့တာပေါ့။ အဲဒီအချိန်မှာ မီးဖိုထဲကို ၀က်သားဖတ်တွေထည့်ကင်လိုက် ကျက်မကျက် ဆွဲယူကြည့် လိုက်၊ မီးခဲတွေပေါ် ၀က်ဆီတွေကျလို့  မီးထတောက်တဲ့အခါ ၀က်သားတွေ တူးမှာစိုးလို့  ကမန်းကတန်းဆွဲယူလိုက်၊ လက်ကို မီးဟပ်လို့ အပူသက်သာအောင် ပါးစပ်နဲ့ မှုတ်လိုက် လက်ကိုခါလိုက်နဲ့ အလုပ်ရှုပ်နေတဲ့ ကိုမြင့်သိန်းကို မီးဖိုအလင်းရောင်အောက် မှာ တွေ့ လိုက်ရတယ်။ သူ့ တယောက်တည်း အလုပ်ရှုပ်နေတာကိုကြည့်ပြီး သဘောကျနေတုန်း ကျွန်တော် တို့ တပ်စိတ်က ဟင်းကျက်ပြီ ဆိုလို့ဖက်ရွက်တွေပေါ် ထမင်းတွေ ခူးထည့်လိုက်တယ်။ သာမန်အားဖြင့် ဟင်းချေး (ဂျီး)များသူ၊ ဇီဇာကြောင်သူ ကျွန်တော်ပင် ဟန်းကောထဲလှမ်းနှိုက်လို့ အဆီတုံးဘဲပါပါ၊ အခေါက်ဘဲပါပါ၊ ၀က်မွှေး ကြမ်းကြမ်းတွေ ထိုးထိုး ထောင်ထောင်နဲ့ အ တုံးဘဲပါပါ၊ လက်ထဲပါသမျှ ၀က်သားတုံးနဲ့ ဆွေမျိုးမေ့နေတဲ့အချိန်ပေါ့။ ကျွန်တော် ကိုမြင့်သိန်းတို့  တပ်စိတ်ဘက် လှမ်းကြည့် လိုက်တော့ ပြာအလူးလူး၊ မီးအကျွမ်းကျွမ်းဖြစ်နေတဲ့ “၀က်သားကင်”နဲ့ ခေါင်းမဖော်နိုင်ဖြစ်နေတာ တွေ့ ရတယ်။

(၇)

နောက်နေ့ မနက်စောစောကျတော့ ကျွန်တော်တို့ ဗိုလ်တာမလာတို့ ရှိရာတောင်ကုန်းပေါ် တက်ခဲ့တယ်။ တောင်ကုန်းက သိပ်မမြင့် ပါဘူး၊ အပေါ်မှာလည်း နေရာကကျဉ်းတယ်။ ရန်သူလာတိုက်တဲ့ ထိပ်တိုက်နေရာကလည်း တပ်စိတ်တစိတ်စာဘဲ နေရာယူနိုင်တဲ့အ တွက် တပ်စိတ်အလိုက် အလှည့်ကျ သွားတာဝန်ယူရတယ်။ တောင်ကုန်းပတ်ပတ်လည် ဆက်သွယ်ရေးမြောင်းတွေတူး၊ ကတုတ် ကျင်းတွေဆောက်ပြီး ကျွန်တော်တို့ နေရာယူထားလိုက်တယ်။ ကျွန်တော်နဲ့ ကတုတ်ကျင်းတခုတည်းနေရတာက ဆေးမှူးအေးလွင်၊ ဘေးမှာက ကိုမြင့်သိန်း၊ ကိုမြင့်သိန်းက ဗလကောင်းကောင်းဆိုတော့ AK စက်လက် (PK machine gun အမျိုးအစား) ကိုင် တယ်။ ကျန်တဲ့ကတုတ်တွေမှာက မှတ်မိသလောက် လှသိန်း၊ စိန်ဦး၊ ဘောကြီးထွန်းထွန်း၊ အေးထွန်း၊ ဇော်လှိုင်ဦး၊ မြတ်ခိုင်၊ ကို ညီပု၊ ကိုဝင်းနိုင်ငြိမ်း၊ ကွန်စိုး၊ အောင်ဝင်းကြည် စသဖြင့် နေရာယူထားကြတယ်။ ပြီးတော့ တပ်ရင်း (၂၀၄/၂၀၅) က အဖွဲ့ တွေ။ တိုက်ပွဲတွေက စောထာဒေသမှာ နေ့ စဉ်ဖြစ်နေတော့ လက်နက်ငယ်ပစ်သံ၊ လက်နက်ကြီးပေါက်ကွဲသံတွေ အမြဲကြားနေရ တယ်။ နေ့ ကင်း၊ ညကင်းချပြီး သတိနဲ့ စောင့်ကြည့်နေရတဲ့ ကာလပေါ့။ ကျွန်တော်တို့ နေရာယူထားတဲ့ကုန်းကိုလည်း ရန်သူ ဘက်က လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်နေတယ်။ ဗိုလ်တာမလာ တို့ အဖွဲ့ ကလည်း ၈၂ မမ recoilless rifle နဲ့ ပြန် ပြန်ပစ်နေတယ်။

တရက်ကျတော့ ကျွန်တော်တို့ ဘက်ကို ရန်သူလာတိုက်တော့မယ်ဆိုတဲ့ စက်သတင်းရလို့  ကျွန်တော်တို့ အဆင်သင့်ပြင်ထား ကြတယ်။ အဲဒီအချိန် ထိပ်တိုက်နေရာမှာ တပ်ရင်း (၂၀၄/ ၂၀၅)က ဇာဇာတို့ အဖွဲ့ နဲ့ ဗိုလ်တာမလာဆီက ကရင်ရဲဘော်တွေ တာဝန်ကျနေတဲ့အချိန်ပေါ့။ ရထားတဲ့သတင်းအတိုင်းဘဲ နအဖ တပ်က လာတိုက်ပါတယ်။ ထိပ်တိုက်ဘက်မှာ နှစ်ဘက်အပြန် အ လှန်ပစ်ခတ်နေတဲ့ လက်နက်ငယ်သံတွေ ဆူညံနေတယ်။ “တောက်...ဖုန်း”ဆိုတဲ့ ကာဘိုင် (Carbine) ပစ်သံကိုလည်း မ ကြာ၊ မကြာ ကြားနေရတယ်။ တိုက်ပွဲအတွေ့ အကြုံရှိသူတွေရဲ့ အဆိုအရ အဲဒီ ကာဘိုင်သံ “တောက်...ဖုန်း” ကို ဒီဘက်က လူတွေတော်တော် သတိထားရတယ်။ ဘာဖြစ်လို့ လဲဆိုတော့ နအဖ တပ်မှာ အတွေ့ အကြုံရှိပြီး လက်ဖြောင့်တဲ့ တပ်ကြပ်တွေ၊ တပ်ကြပ်ကြီးတွေကိုဘဲ ကာဘိုင်ပေးကိုင်ပြီး၊ သူတို့ ကလည်း ရမ်းမပစ်ဘဲ ပစ်မှတ်ကို သေခြာ စောင့်ပြီးမှ ချိန်ရွယ် ပစ်ခတ်တတ် တယ်လို့  ဆိုတယ်။ ရန်သူဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျွန်တော်တို့ ကုန်းပေါ်မှာ ပေါက်ကွဲနေတယ်။ ဗိုလ် တာမလာနဲ့ ကိုဥာဏ်လည်း စကားပြောစက် ကိုယ်စီနဲ့ တိုက်ပွဲကို ထိန်းနေတယ်။ ကျွန်တော်တို့ လည်း ဘယ်အချိန် နအဖ တပ် သားတွေ ကိုယ့်ရှေ့ က ပေါ်လာမလဲဆိုပြီး ကတုတ်တွေထဲကနေ စောင့်နေတုန်း ထိပ်တိုက်ဖက်ကနေ စက်လက်သမား လိုတယ်လို့ လှမ်းခေါ်လို့ AK စက်လက် ကိုင်တဲ့ ကိုမြင့်သိန်း လိုက်သွားတယ်။ မကြာပါဘူး ကိုမြင့်သိန်း ရဲ့ စက်လက် ပစ်သံ တ၀ုန်းဝုန်း ကြားနေရတယ်၊ “တောက်...ဖုန်း” သံတွေလည်း ကျိုးကြား၊ ကျိုးကြား ကြားနေရတယ်။ ခဏနေတော့ ထိပ်တိုက်ဘက်မှာ
သေနတ်သံတွေစဲသွားတယ်။ ထုံးစံအတိုင်း တိုက်ပွဲပြီးသွားတဲ့အချိန် လူစစ်၊ ကျည်စစ်၊ စစ်တဲ့အချိန်.... ထိပ်တိုက်ဘက်ကနေ ဇာဇာ ပြေးလာပြီး “ကိုမြင့်သိန်းမရှိတော့ဘူး” လို့ ငိုသံပါကြီးနဲ့ အော်ပြောတော့ ကျွန်တော်တို့ အဲဒီနေရာကို ပြေးသွားကြတယ်။ ဟုတ်တယ် ကိုမြင့်သိန်း သူပစ်နေတဲ့ စက်နက်နဲ့ အတူ ကတုတ်ထဲမှာ ငြိမ်သက်နေတယ်။ သူ့ တကိုယ်လုံးစစ်ဆေးကြည့်တော့ ကာဘိုင်ကျည်က ကိုမြင့်သိန်းရဲ့ ဘယ်ဘက်ရင်အုံ (နှလုံး)ကို ဖောက်ပြီး ညာဘက်ခါးစပ်ကနေ ပြန်ထွက်သွားတယ်။ သူ့ ဘယ် ဘက်ရင်အုံက အိပ်ကပ်ထဲမှာ မာမာလေးတခုစမ်းမိလို့ ဖွင့်ကြည့်မိတော့ ဓာတ်ဆီမီးခြစ်လေး၊ ကျည်က အဲဒီမီးခြစ်ကိုလည်း ဖောက် သွားတယ်။ အဲဒီတိုက်ပွဲမှာ ကရင်ရဲဘော်နှစ်ယောက်လည်း ကျသွားတယ်။ ခဏနေတော့ ကိုဥာဏ်ထွန်း က ကိုမြင့်သိန်း ရုပ်အ လောင်းကို နောက်တန်းပြန်ပို့ ဖို့ ကျွန်တော့်ကို တာဝန်ပေးတယ်။

(၈)

ကိုမြင့်သိန်း ရုပ်အလောင်းကို ကျွန်တော်တို့ သံလွင် ကမ်းနားအထိ ပုခက်နဲ့ ထမ်းခဲ့ကြတယ်။ နှစ်နာရီလောက် လမ်းလျှောက်ရ မယ်ထင်တယ်။ ကျွန်တော်နဲ့ အတူ ဗဟိုကို ပြန်မယ့် ဆက်သွယ်ရေးတပ်ဖွဲ့ က တာကြီး (သူက တပ်ရင်း ၂၁၀ က၊ နောက်ပိုင်း မှာ မကဒတ တောင်ပိုင်းမှာ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတယ်)နဲ့ တပ်ရင်း (၂၀၄/၂၀၅) က ကျန်းမာရေးမကောင်းလို့ နောက်တန်းပြန်နားမယ့် ရဲဘော်တယောက် (အမည်မမှတ်မိတော့) ပါလာတယ်။ သံလွင်ကမ်းနားရောက်တော့ ကရင်ရဲဘော်တွေ ကို အကျိုးအကြောင်းပြော၊ စက်လှေအကူအညီတောင်းပြီး “ဒေါင်းဂွင်” ဘက် ပြန်ခဲ့တယ်။ ဒါပေမယ့် စက်လှေက ကေအန်အယ် အေ က ဗိုလ်မှူး လောဝါဒီ (ကွယ်လွန်) ဗျူဟာထိုင်နေတဲ့ သံလွင်ကမ်းဘေးက ရွာ (ရွာအမည် မမှတ်မိတော့) အထိဘဲရောက် တယ်။ အဲဒီနေရာရောက်တော့ မှောင်နေပြီ၊ ကျွန်တော်နဲ့ တာကြီး က ဗိုလ်မှူး လောဝါဒီကို အကျိုးအကြောင်းရှင်းပြပြီး ဒေါင်းဂွင် ဘက်ပို့ ပေးဖို့ စက်လှေ အကူအညီတောင်းတော့ သူက “ညလည်းမိုးချုပ်နေပြီ၊ ဆက်ထွက်ရင် ၀ဲကြီးကို ဖြတ်ရမယ်၊ အန္တရာယ် များတယ်၊ မနက်မှဘဲ သွားပါ”လို့ ပြောတယ်။

ဟုတ်တော့လည်း ဟုတ်တယ် ၀ဲကြီးဆိုတာက ထိုင်း-မြန်မာနယ်စပ် အဖြစ်နဲ့ သံလွင်မြစ်စီးဆင်းနေတဲ့ အပိုင်းမှာ ၀ဲတွေကလည်း များ၊ ကျောက်ဆောင်တွေလည်းပေါ၊ ရေစီးကလည်းကြမ်းတာမို့ တော်ရုံတန်ရုံ လှေသမားတွေတောင် နေ့ ဘက်ကို ကြိုးစားပန်း စား မောင်းရတဲ့နေရာ။ ဒါကြောင့်လည်း နအဖ ဘက်က ရေအားလျှပ်စစ်ထုတ်ဖို့ ရွေးလိုက်တာဖြစ်မယ်။ ဘယ်လိုမှ မတတ်နိုင်တဲ့ အဆုံး ကျွန်တော်တို့ ညအိပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏနေတော့ ဗိုလ်မှူးလောဝါဒီ ရဲ့ ရဲဘော်တချို့ ရောက်လာပြီး ကျွန်တော်တို့ စားဖို့ ဝက်သားတတွဲလာပေးတယ်။ ၀က်သားတွဲကြည့်ပြီး ကိုမြင့်သိန်း နောက်ဆုံးစားသွားရတဲ့ “၀က်သားကင်” နဲ့ သူ့ ဟန်ပန် တွေဘဲ မျက်စိထဲပေါ်နေလို့ စားချင်စိတ်ကို မရှိဘူး။ သိပ်မကြာပါဘူး ကျွန်တော်တို့ စက်လှေရှိရာကို ဖယောင်းတိုင်တွေ၊ ချိုချဉ် ထုတ်တွေ၊ ဂစ်တာတွေ ကိုင်ပြီး လူတွေတဖွဲဖွဲ ရောက်လာတယ်။ အော်.... နောက်မှသိလိုက်ရတာက ကျွန်တော်တို့ လှေမှာ တိုက်ပွဲကျသွားတဲ့ ကျောင်းသားရဲဘော်တယောက်ပါလာတာ သိသွားတဲ့ ရွာသားတွေက သူတို့ တတ်နိုင်သလောက် အသုဘ အ ခမ်းအနားလေး လာလုပ်ပေးကြတာ။ တညလုံး အဖွဲ့ လိုက် ဓမ္မသီချင်းတွေဆိုလိုက်၊ ချိုချဉ်တွေ၊ နေကြာစေ့တွေနဲ့ ဧည့်ခံရင်း
ကျွန်တော်တို့ နဲ့ မိုးလင်းတဲ့အထိ စကားတွေပြောလိုက်နဲ့ ပေါ့။

(၉)

နောက်နေ့ မနက်စောစောဘဲ ဗိုလ်မှူးလောဝါဒီ စီစဉ်ပေးတဲ့လှေနဲ့  ကျွန်တော်တို့ ဒေါင်းဂွင်ဘက် ခရီးဆက်ခဲ့ကြတယ်။ ကျွန်တော့် စိတ်တွေလည်း လေးလံလို့ ၊ စောထာကို အသွားတုန်းက လှေပေါ်မှာ တက်ကြွမှုမျိုး အခုအပြန်ခရီးမှာ လုံးလုံးမရှိတော့ဘူး။ ကျွန် တော်တို့ ကြိုးစားဖြတ်သန်းနေတဲ့ လှေအောက်က အားပြင်းပြင်းနဲ့ ဝေ့၀ဲစုပ်ယူနေတဲ့ ၀ဲတွေ၊ ခက်ထန်တဲ့ ရေစီးကြောင်းတွေ၊ ကျောက်ဆောင် ကြမ်းကြီးတွေနဲ့ အပြိုင် ကျွန်တော့်ရင်တွေလည်း ဗလောင်ဆူလို့ ၊ လှိုင်းတွေထန်လို့ ။ အထူးသဖြင့် လင် ယောကျာ်း ရှေ့ တန်းကပြန်လာမှာကို လသားအရွယ် ကလေးလေး ပွေ့ ချီရင်း ရင်ခုန်စွာ စောင့်ကြိုနေမယ့် မချိုကို အမြဲတန်း ပြုံးနေတဲ့ မျက်နှာနဲ့ တက်ကြွလန်းဆန်းမှုတွေ ချုပ်ငြိမ်းသွားတဲ့ ကိုမြင့်သိန်းရဲ့ ခန္ဓာကိုယ်ကြီးကိုဘဲ ပေးအပ်ရမယ့် အဖြစ်ကို ပိုလို့ ဝန်လေးနေမိတော့တယ်။

(၁၀)

“ဟော စားတော့လေ၊ တူးကုန်ပြီထင်တယ်” ဆိုတဲ့ အသံကြားမှ ကျွန်တော့်ရှေ့ က မူကထအိုးကို ကြည့်မိတယ်။ အင်း.... အ သားတွေကတူးပြီး ညှော်နံ့ တောင်ထွက်နေတာဘဲ။ တူးနေတဲ့ အသားဖတ်တွေကို တူနဲ့ ဆွဲယူပြီး အချဉ်ခွက်ထဲ ပစ်ထည့်လိုက် တယ်။ နောက်တော့ ကျွန်တော် ဆိုင်ထဲကထွက်လာပြီး လေကောင်းလေသန့် ရတဲ့ နေရာမှာ အသက်ကို တ၀ကြီးရှုလိုက်တယ်။ အသားကင်ညှော်နံ့ တော့မရတော့ဘူး ဒါပေမယ့် အတွေးထဲမှာ ကိုမြင့်သိန်း က ရှိနေဆဲဘဲ။


ဝန်ခံချက်။ ။ မကဒတ အနှစ် (၂၀)ပြည့်မှာ အမှတ်တရလေးဖြစ်အောင် တခုခုလုပ်မယ် စိတ်ကူးကြည့်မိတယ် တတ်နိုင်တဲ့ ဘက် ကပေါ့။ မကဒတ အနှစ် (၂၀) ခရီးကြမ်းကြီးအတွင်းမှာ မထင်မရှား ကျဆုံး၊ သေဆုံး၊ ကိုယ်လက်အင်္ဂါပေးဆပ်၊ နအဖ ရဲ့ ဖမ်း ဆီးခြင်းခံရတဲ့ ရဲဘော်တွေ တပ်ရင်းတိုင်း၊ နေရာဒေသတိုင်းမှာ အများကြီးရှိပါတယ်။ အဲဒီလို အညတရ သူရဲကောင်းတွေကို ဂုဏ် ပြုတဲ့အနေနဲ့  သူတို့ လိုဘဲ မထင်မရှား ကျဆုံးသွားတဲ့ ကိုမြင့်သိန်း အကြောင်းလေး ရေးမယ်ပေါ့။ ခက်တာက ဒီအကြောင်း တွေကို တွေးလိုက်ရင် ရုပ်ရှင်ကားတကား ပြန်ကြည့်ရသလို မျက်စိထဲမှာ အဖြစ်အပျက်တွေက အစီအရီ ပြန်ပေါ်လာပေမယ့် ဖြစ် ပျက်တဲ့ အချိန်ကာလ အတိအကျ၊ နေရာဒေသနဲ့  တချို့ လူအမည်တွေ မမှတ်မိတော့ဘူး။ နောက်ပြီး မာနယ်ပလော ကျပြီးတဲ့ နောက် ဒေါင်းဂွင် ကနေ ကျွန်တော်တို့ ဆုတ်တော့ ကျွန်တော့် ကိုယ်ပိုင် မှတ်စုတွေ၊ နေ့ စဉ်မှတ်တမ်းတွေ ဆုံးရှုံးသွားတယ်။ ဒီ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး တချို့ အခြေအနေ၊ နေရာဒေသတွေကို ဦးဌေးအောင်၊ ကိုစိုင်းမြင့်သူနဲ့ ကိုအေးလွင်
တို့ ကို ပြန်မေးယူရတယ်။ သူတို့ ကြောင့်ဘဲ ဒီစာလေး ရေးဖြစ်သွားတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်။

Read More...

မိခင်နို့ သောက်စို့ ခွင့်မရရှာတဲ့ ကလေးတွေ မယ်လမင်း ဘေးက ကင်းပါစေ။

တရုတ်နိုင်ငံရဲ့ လူ့ အခွင့်အရေးမှတ်တမ်းတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်နေတဲ့ နိုင်ငံတွေ အထူးသဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံမှာ အုပ်ချုပ်နေတဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် အမြဲအကာအကွယ်ပေးနေတဲ့ တရုတ်အ စိုးရရဲ့ လုပ်ရပ်တွေကြောင့် တရုတ်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပွဲတော်နဲ့  ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ မေးခွန်းထုတ်စရာတွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် သြဂုတ်လအတွင်း ကမ္ဘာ့အိုလံပစ်ပွဲ တော်ကို မြို့ တော် ဘေ ဂျင်းမှာ အောင်မြင်၊ ခမ်းနားစွာ ကျင်းပနိုင်ခဲ့တာကြောင့် တရုတ်အစိုးရအနေနဲ့ ရော တရုတ်တမျိုးသား လုံး အနေနဲ့ ပါ ဘာဘဲပြောပြော ဂုဏ်သိက္ခာတက်ခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။


တရုတ်တွေဟာ အိုလံပစ် ပွဲတော်ကိုသာ ရင်သပ်ရှုမောဖြစ်အောင် ငွေအား၊ လူအား၊ နည်းပညာအားတွေနဲ့  အနုပညာမြောက်အောင် ဖန်တီး၊ ကျင်းပနိုင်ခဲ့တာ မဟုတ်ပါဘူး အားကစားဘက်မှာလည်း ရွှေတံဆိပ်အ များဆုံး ဆွတ်ခူးနိုင်ပြီး ထပ်ဆင့်အောင်ပွဲခံခဲ့ပါသေးတယ်။ အခုလို အောင်မြင်မှုတွေ ပူပူနွေးနွေး ရနေတုန်း မှာ တရုတ်အစိုးရအတွက် ကမ္ဘာ့အလယ်မှာ မျက်နှာပျက်စရာ ဖြစ်လာရတဲ့ ကိစ္စကတော့ တရုတ်နိုင်ငံထုတ် နို့ မှုန့် တွေပါဘဲ။

တရုတ်နိုင်ငံထုတ် Sanlu တံဆိပ်နို့ မှုန့် တွေမှာ အဆိပ်သင့်စေတဲ့ မယ်လ မင်း (Melamine) ပါဝင်တဲ့ အတွက် သောက်သုံးမိတဲ့ တရုတ် ကလေး ၄ ဦးသေဆုံးခဲ့ရပြီး၊ ကလေး ၅၂၀၀၀ ကျော် ဆေးရုံတက်ခဲ့ရ ပါတယ်။ မယ်လမင်းဓာတ် ပါဝင်တဲ့ နို့ မှုန့် တွေ သောက်မိတဲ့ ကလေးတွေမှာ ကျောက်ကပ် ကျောက်တည် တဲ့ ရောဂါလက္ခဏာကို တွေ့ ရတယ်လို့ ဆိုပါတယ်၊ အခုအချိန်မှာတော့ ကလေး တော်တော်များများဟာ ရောဂါသက်သာလာပြီးတဲ့နောက် ကလေးပေါင်း ၁၂၀၀၀ ကျော် ဆေးရုံတက် ဆေးကုသနေရပေမယ့် က လေး ၁၀၀ ကျော်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေဆဲဘဲလို့  တရုတ် ကျန်းမာ ရေးဝန်ကြီးဌာန တာ ၀န်ရှိသူတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို တရုတ်အာဏာ ပိုင်တွေက ထုတ်ပစ် တာ၊ ဖမ်းဆီး စစ်ဆေးနေတာတွေ ရှိသလို တချို့ လည်း တာဝန်က နှုတ်ထွက်သွားကြ ရပါတယ်။

တရုတ်နိုင်ငံအနေနဲ့  နို့ မှုန့် တွေကို ယီမင်၊ ဘင်္ဂလာဒေ့ရှ်၊ မြန်မာ၊ ဂါဘွန် နဲ့  ဘူရွန်ဒီ နိုင်ငံတွေကို တင်သွင်း တာဖြစ်တဲ့အတွက် အဲဒီနိုင်ငံတွေက တရုတ်နိုင်ငံကနေ နို့ မှုန့် တင်သွင်းတာတွေကို တားမြစ်လိုက်ပါတယ်။ ထိုင်ဝမ်နိုင်ငံကဆိုရင် တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ နို့ မှုန့် ဆိုရင် ဘယ်တံဆိပ်ဘဲဖြစ်ဖြစ် တင်သွင်းတာ ကို အချိန်အကန့် အသတ်မရှိ တားမြစ်လိုက်ပါတယ်။

အဲဒီလို တခြားနိုင်ငံတွေအနေနဲ့ အဆိပ်သင့် တရုတ်နို့ မှုန့် အန္တရယ်ကို အတတ်နိုင်ဆုံး ကာကွယ်၊ တားဆီး ဖို့  ကြိုးပမ်း နေပေမယ့် မြန်မာနိုင်ငံမှာတော့ နအဖ ပိုင် သတင်းစာတွေကတောင် ထိထိရောက်ရောက် ဖော် ပြ တာမျိုး မရှိဘူးလို့  သတင်းတွေ ထွက်လာပါတယ်။ စက်တင်ဘာ ၂၄ ရက်နေ့ ထုတ် သတင်းစာတွေထဲ မှာတောင် မယ်လမင်း ပါတဲ့ နို့ မှုန့် တွေ သောက်မိလို့  တရုတ်ကလေးတွေ သေဆုံး၊ ဆေးရုံတက်ရတဲ့ သတင်း တိုလေးကိုသာ နိုင်ငံတကာ သတင်းစာမျက်နှာမှာ ဖော်ပြထားတာတွေ့ ရပါတယ်။

ဒီနို့ မှုန့် တွေနဲ့ ပတ်သက်ပြီး ဘယ်လို ကာကွယ်သင့်လဲ၊ အသုံးပြုသူတွေအနေနဲ့  မယ်လမင်းပါတဲ့ နို့ မှုန့်  က ဘယ်လိုတံဆပ်တွေလည်းဆိုတာ သိရှိဖို့ ၊ ဈေးကွက် ထဲမှာ ရှိပြီးသား တရုတ်နို့ မှုန့် တွေကို ဘယ်လို စိ စစ် ဖယ်ရှားမယ်ဆိုတာတွေကို အကြံပြုတာ၊ ပညာပေးတာတွေ ကျယ်ကျယ်ပြန့် ပြန့် ဖော်ပြထားတာ မ တွေ့ ရပါဘူး။ တရုတ်နို့ မှုန့် တွေကို ဓာတ်ခွဲခန်းတွေမှာ စမ်းသပ်စစ်ဆေးနေပြီဖြစ်ပြီး နိုင်ငံခြားက တင်သွင်း တဲ့ နို့ မှုန့် တွေကြောင့် နာမကျန်းဖြစ်တဲ့ ကလေးငယ်တွေ မတွေ့ ရသေးဘူးလို့  မြန်မာ ကျန်းမာရေးဝန်ကြီး ဌာန တာဝန်ရှိသူတွေ ထုတ်ဖော်ပြောဆိုတာကိုသာ ပြည်ပမီဒီယာတွေကတဆင့် သိရပါသေးတယ်။

မြန်မာ အာဏာပိုင်တွေအနေနဲ့  ဈေးကွက်အတွင်းရှိပြီးသား နို့ မှုန့် တွေနဲ့  တရုတ်နယ်စပ်ကနေ တဆင့် ၀င် လာတဲ့ နို့ မှုန့် တွေအပေါ် ဘယ်လိုကိုင်တွယ် ထိန်းချုပ်သွားမယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း ဖော်ပြ ထားတာ မတွေ့ ရသေးပါဘူး။ မြန်မာပြည်သူတွေအနေနဲ့  တရုတ်နယ်စပ်နဲ့  ထိုင်းနယ်စပ်တွေကနေတဆင့် တရားမ၀င်တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကိုသာ အားထား အသုံးပြုနေရပါတာဖြစ်ပြီး အထူးသဖြင့် ထိုင်း နိုင်ငံထက် ဈေးပိုချိုတဲ့ တရုတ်လုပ်ပစ္စည်းတွေကိုသာ ပိုမိုသုံးစွဲတာကြောင့် ဈေးကွက်ထဲမှာ နို့ မှုန့်  အပါအ ၀င် တရုတ်လုပ်ကုန်ပစ္စည်းတွေ အမြောက်အများ ရှိနေမှာ ကျိန်းသေပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ မိမိတို့ ရဲ့ ရင်သွေးငယ်တွေကို မိခင်နို့ ရည်ကိုသာ တိုက်ကျွေးလေ့ရှိပေမယ့် အခု နောက်ပိုင်းမှာတော့ အမျိုးသမီးတွေပါ ခင်ပွန်းတွေနဲ့ အတူ ၀မ်းရေးအတွက် အလုပ်တွေ ၀င်ရောက်လုပ် ကိုင် ရတာကြောင့် သူတို့ ရဲ့ ကလေးတွေကို မိဘ၊ ဆွေမျိုး ဒါမှမဟုတ် ကလေးထိန်းနဲ့  ထားခဲ့ကြပြီး နို့ ဗူး တိုက်ရတာတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အဲဒီကလေးတွေဟာလည်း တရုတ်နို့ မှုန့် နဲ့  ကင်းကြမယ် မ ထင်ပါဘူး။

ဒါ့အပြင် ယုံကြည်ချက်အတွက် တိုက်ပွဲဝင်ရင်း အကျဉ်းကျခံ၊ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ မိခင်တွေရဲ့  သား၊ သမီးတွေဟာလည်း မိခင်နို့ ရည်ကို ဘယ်လိုမှသောက်စို့ ဖို့ မဖြစ်နိုင်တဲ့အတွက် နို့ ဗူးကိုသာ အားထားနေရ မှာ သေချာပါတယ်။ ဒီအထဲမှာ မကြာမီက နအဖ ရဲ့  ဖမ်းဆီးတာကို ခံလိုက်ရတဲ့ မနီလာသိန်း ရဲ့  သမီးလေး နေကြည်မင်းယု လည်း အပါအ၀င်ဖြစ်မှာ ကျိန်းသေပါတယ်။

၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနဲ့  တခြားစားသုံးကုန်ဈေးတွေ တက်လာလို့  ကိုမင်းကိုနိုင် အပါအ၀င် ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်တွေနဲ့ အတူ လမ်းလျှောက်ဆန္ဒပြခဲ့တဲ့ ခင်ပွန်းဖြစ်သူ ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယုတို့  ဖမ်းဆီးခံလိုက်ရချိန်မှာ မနီလာသိန်းဟာလည်း လသားအရွယ် သီမီး လေး နေကြည်မင်းယု ကို အဖိုး၊ အဖွားတွေနဲ့ အပ်ခဲ့ရပြီး ပုန်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ သူတို့  သမီးလေးဟာလည်း အဲဒီအချိန်ကတည်းက မိခင်နို့ ရည်ကို သောက်စို့ ခွင့်မရတော့ဘဲ အဖိုး၊ အဖွားတွေ တိုက်ကျွေးတဲ့ နို့ မှုန့် ကိုဘဲ အားထားနေရမှာပါ။

မနီလာသိန်း အဖမ်းခံရတဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ ဆိုရင် နေကြည်မင်းယုဟာ အသက် တနှစ်ခွဲလောက်ရှိပြီဖြစ်ပေမယ့် သူ့ မိခင် စတင်ပုန်းရှောင်နေရကတည်းက သူတို့ သားအမိ ပြန်လည် တွေ့ ဆုံခွင့် မရခဲ့ရှာပါဘူး။ သမီးလေး ဒီအရွယ်အထိ နို့ မှုန့်  နို့ ဗူးနဲ့ သာ ကြီးပြင်းခဲ့ရတာဖြစ်လို့  အခုအချိန်မှာ အကြီးအကျယ် ဂယက်ရိုက်နေတဲ့ တရုတ်နိုင်ငံထုတ် မယ်လမင်းဓာတ်ပါတဲ့  နို့ မှုန့် တွေများ သုံးစွဲမိရင်ဆိုတဲ့ အတွေးနဲ့  ကြက်သီးဖျန်းဖျန်းထမိပါတယ်။ အကျဉ်းကျနေတဲ့ မိဘနှစ်ပါးဆိုရင်လည်း ဒီသတင်းတွေ ကြားမိခဲ့ရင် ကလေးအတွက် ဘယ်လောက် ပူပင်နေမလဲ လို့  တွေးမိရင်းလည်း စိတ်မသက်မသာ ဖြစ်မိပါတယ်။ တရုတ်နိုင်ငံမှာ မယ်လမင်းပါတဲ့ နို့ မှုန့် တွေ သောက်သုံးမိလို့  နာမကျန်းဖြစ်တဲ့ ကလေးတွေဟာလည်း အများအားဖြင့် အသက် ၂ နှစ်အောက် ကလေး တွေသာဖြစ်နေတဲ့အတွက် နေကြည်မင်းယုတို့ အရွယ် တွေပါ။

ပြီးခဲ့တဲ့ မေလအတွင်း မြန်မာနိုင်ငံသမိုင်းမှာ အဆိုးရွားဆုံးတိုက်ခတ်တဲ့ နာဂစ်မုန်တိုင်းအပြီးမှာလည်း တရုတ်အစိုးရအနေနဲ့ မြန်မာ နိုင်ငံကို အကူအညီတွေ ပေးခဲ့ရာမှာ နို့ နဲ့  နို့ ထွက် ပစ္စည်းတွေလည်း ပါနိုင်ပါသေးတယ်။ တကယ်လို့ သာ အဲဒီ နို့ ထွက်ပစ္စည်းတွေထဲမှာ မယ်လမင်း အဆိပ်သင့်တာတွေများ ပါလာခဲ့ရင် မုန်တိုင်းဒုက္ခသည် ကလေးငယ်တွေအနေနဲ့  တပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်လာရင် ခက်ရချည်ရဲ့ လို့  တွေးမိပါတယ်။ အခုချိန်ထိတော့ မြန်မာနိုင်ငံက ကလေးတွေ နို့ မှုန့် ကြောင့် နာမကျန်းဖြစ်တာ မတွေ့ ရသေးဘူးဆိုလို့  စိတ်နည်းနည်း အေးမိပေမယ့်။ မိခင်နို့ ရည် မသောက်စို့ နိုင်တဲ့ ကလေးတွေနဲ့  ပတ်သက်ပြီး ဘာများကြားရဦးမလဲလို့  စိတ်ပူပင်မိပါတယ်။


မှတ်ချက်။ ။ ဒီဆောင်းပါးလေးက တရုတ်နို့ မှုန့် တွေမှာ မယ်လမင်းဓာတ်တွေ့ ရှိကာစ စက်တင်ဘာ ၂၄ လောက်တုန်းက ရေးထားတာပါ၊ ဘလော့ကလည်း ရေးလို့ မပြီး သေးတာနဲ့  အခုမှ တင်ဖြစ်တာဆိုတော့ နည်းနည်းတော့ “ဒိတ်” အောက်သွားပြီပေါ့။

Read More...